ရန်ကုန်ဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သော သစ်ခွဲသားများ တင်ဆောင် ထားသည့်ကွန်တိန်နာများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနက သတင်းစာရှင်းလင်

04/05/2017
ရန်ကုန် ဇန်နဝါရီ ၂၇ ရန်ကုန်ဆိပ်ကမ်းတွင် ဖမ်းဆီးရမိခဲ့သော သစ်ခွဲသားများ တင်ဆောင်ထားသည့် ကွန်တိန်နာများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့် စစ်ဆေးဖော်ထုတ်ချက်များအပေါ် အကောက်ခွန်ဦးစီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ကမ်းနားလမ်းရုံ အကောက်ခွန်ဦးစီးဌာနရုံးတွင် သတင်စားရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့ MIP ဆိပ်ကမ်းအတွင်းရှိ ကုန်သေတ္တာနှစ်လုံးထဲ၌တရားမဝင် ကျွန်းသစ်ခွဲသားများထည့်၍ သယ်ဆောင်လာမှုအပေါ် ဇန်နဝါရီ ၂၄ ရက်က စိစစ်တွေ့ရှိခဲ့ပြီး ဆက်လက်၍ ဇန်နဝါရီ ၂၆ ရက်တွင် ထပ်မံ၍ သတင်းကွင်းဆက် ရရှိမှုအပေါ် ထပ်မံဖော်ထုတ်ခဲ့ရာမှ ကွန်တိန်နာ ၁၁ လုံးထဲတွင် တရားမဝင်သစ်ခွဲသားများ ပါရှိကြောင်း အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် အကောက်ခွန်ဦးစီးဌာနက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 'ဆိပ်ကမ်းမှာတရားမဝင် သစ်တွေနဲ့ပတ်သက်ပြီးတော့ ဇန်နဝါရီ ၂၄ ရက်က ကွန်တိန်နာနှစ်လုံးတွေ့ရှိပြီးတော့ သိမ်းဆည်းမှုတွေ၊ သစ်တော ဦးစီးဌာနရယ် အကောက်ခွန်ရယ်၊ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၆ ရက်နေ့မှာလည်း ရှေ့ကကွန်တိန်နာ နှစ်လုံးနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေဟာ ဆိပ်ကမ်းမှာ ရှိနေသေးတယ်ဆိုတဲ့ တင်ပြချက်တွေကတော့ ကျွန်တော်တို့ ဆီကနေမှ ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးဆီကို သတင်းရရှိပြီးတော့ သတင်းရရှိတဲ့အပေါ်မှာ ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်က ပြန်လည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ခေါ်ပြီး စိစစ်သင့်တယ်၊ စိစစ်ဖို့ဆိုပြီးတော့ ညွှန်ကြားပါတယ်။ သက်ဆိုင်ရာ သစ်တောဦးစီးဌာနကို ဆက်သွယ်ပြီးတော့မှ သက်ဆိုင်ရာ MIP ဆိပ်ကမ်းကို စုဖွဲ့ကြပါတယ်။ ညနေ ၅ နာရီ လောက်မှ သစ်တောဦးစီးဌာနက ရောက်ရှိလာတဲ့အတွက် အကောက်ခွန်၊ သစ်တောနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ စုပေါင်းပြီးတော့ ကွန်တိန် နာ ၁၁ လုံး ဖွင့်ဖောက်စစ်ဆေးခဲ့ပါတယ်'ဟု အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်က ပြောသည်။ အဆိုပါ စစ်ဆေးဖော်ထုတ်နိုင်ခဲ့သော သစ်များသည် သတ်မှတ်ထားသည့် ပုံစံနှင့် သတ်မှတ်ခွင့်ပြုချက်နှင့် တင်ပို့ခွင့်ပြုထားသော သစ်များမဟုတ်ဘဲ စကွဲယားတုံးပုံစံ၊ ပေးပို့ရန် ကန့်သတ်ထားသော ပုံစံများ အဖြစ်တွေ့ရှိရသည့်အတွက် လက်ရှိ သစ်တောဦးစီးဌာနကို လွှဲပြောင်းကာ ကွန်တိန်နာ ၁၁ လုံးကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။ သစ်တောဦးစီးဌာနက တရားဝင် ခွင့်ပြုထားသည့် အတိုင်းအတာမှာ တရားဝင်ထောက်ခံချက်နှင့် ပြည်ပသို့ တင်ပို့ခွင့်ပြုထားမှုမှာ အလျား ၆ ပေမှ ၁၃ ဒသမ ၅ ပေ၊ အနံ ၆ လက်မ၊ ဒု ၂ လက်မ၊ အလျား ၇ ပေမှ ၁၃ ဒသမ ၅ ပေ၊ အနံ ၇ လက်မမှ ၁၄ လက်မ၊ ဒု ၂ လက်မ ဖြစ်ပြီး ဒု ၂ လက်မထက်ကျော်သော သစ်ခွဲသားများ တွေ့ရှိရသည့် အနေအထားဖြစ်ကြောင်း သိရသည်။ အကောက်ခွန်ဦးစီးဌာန အနေဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များနှင့်အညီ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ပြည်ပသို့တင်ပို့မည့် သစ်များ သစ်တောဦးစီးဌာန၏ စစ်ဆေးပြီး ထောက်ခံအတည်ပြုပြီးမှသာ Metal Seal နံပါတ်၊ ကုန်သေတ္တာ နံပါတ်တို့ကို စာရင်းသွင်းမှတ်တမ်းတင် စာအိတ်ချိပ်ပိတ်ထုတ်ပေးပြီး ဆိပ်ကမ်းတွင် စစ်ဆေးမှုများ ဆောင်ရွက်ပြီးမှသာ အဆိုပါ Metal Seal ကို ကုန်သေတ္တာတွင် ခတ်ပေးခြင်းဖြစ်သဖြင့် ယင်းအဆင့်အနေအထား ရောက်မှသာ သင်္ဘောတင်ရန် အဆင်သင့်ဖြစ်သည့် အနေအထားဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ 'ပို့ကုန် ကုန်သေတ္တာတွေနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းအပိုင်းက နှစ်ပိုင်းရှိတယ်လို့ ပြောလို့ရပါတယ်။ ပထမတစ်ပိုင်းကတော့ ရုံးချုပ်အပေါ်မှာ ထုတ်ကုန်သွင်းကုန် ဌာနခွဲမှာ ပြည်ပကိုပို့မယ့် ပစ္စည်းနဲ့ပတ်သက် ပြီးတော့မှ ပို့ကုန်လိုင်စင်တွေ၊ ပစ္စည်းတန်ဖိုး ကြေညာချက်တွေ၊ ထုပ်ပိုးပုံတွေ၊ သစ်ဆိုရင် သက်ဆိုင်ရာ သစ်တောဦးစီးဌာနရဲ့ ထောက်ခံချက်နဲ့ ဒါတွေကို ပူးတွဲတင်ပြပြီးတော့မှ ရုံးချုပ်မှာ ဆောင်ရွက်ရတဲ့လုပ်ငန်း ရှိပါတယ်။ ရုံးချုပ်မှာ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်ပြီးလို့ အားလုံး ထောက်ခံချက်တွေလည်း အကုန်ပြည့်စုံတယ် ဆိုလို့ရှိရင် ဒီဟာကို ဆိပ်ကမ်းမှာ X-ray စစ်ဆေးဖို့အတွက် သက်ဆိုင်ရာ ဆိပ်ကမ်းတွေကို လုပ်ငန်းဖိုင်က ရောက်ရှိမှာ ဖြစ်ပါတယ်။ ၂၄ ရက်နေ့က သစ်ကုန်သေတ္တာနှစ်လုံးဖမ်းဆီး ရမိခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် တချို့သတင်းတွေမှာ ရေးသားထားတဲ့ အသုံးအနှုန်းက သင်္ဘောတင်ရန်အဆင်သင့်ဖြစ် နေပါတယ်ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ သင်္ဘောတင်ရန် အဆင်သင့်ဖြစ်တဲ့ ကုန်သေတ္တာတစ်လုံးဟာ ပို့ကုန်ပဲဖြစ်ဖြစ် သွင်းကုန်ပဲဖြစ်ဖြစ် အဆင့်အများကြီးရှိပါတယ်'ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။ အဆိုပါ ကုန်သေတ္တာနှစ်လုံးသည် ပြည်ပတင်ပို့ရန် ရုံးချုပ်၌ စာရွက်စာတမ်း ပြုလုပ်မှုတို့ကို လုပ်ဆောင်ခဲ့သော်လည်း သတ်မှတ်ချက်များနှင့်အညီ တင်ပို့ရမည့် သစ်များကို တင်ဆောင်လာခြင်းမရှိကြောင်း၊ သတ်မှတ်အတိုင်းအတာထက် ကျော်လွန်နေသော သစ်များကို တင်ဆောင်လာ ခြင်းအပြင် သစ်တောဦးစီးဌာနနှင့် အကောက်ခွန် ဦးစီးဌာနတို့တွင် ဆက်လက်ပြုလုပ်ရမည့် စာရွွက်စာတမ်းများ၊ အတည်ပြုချက်များကို ဆက်လက်တင်ပြနိုင်ခြင်းမရှိသလို ဆိပ်ကမ်းအတွင်း ကုန်သေတ္တာ ယာဉ်ကိုထားခဲ့ကြောင်း သိရသည်။ အလားတူ ယင်းနှင့်ဆက်စပ်၍ သတင်းကွင်းဆက်များ ရရှိမှုအပေါ် အကောက်ခွန်ဦးစီးဌာနက သက်ဆိုင်ရာ သစ်တောဦးစီးဌာနကို အကြောင်းကြားကာ ပူးပေါင်းအဖွဲ့များဖြင့် ဆက်လက်စစ်ဆေးဖော်ထုတ်ခဲ့ရာ သစ်ခွဲသားများ တင်ဆောင်ထားသည့် ကုန်သေတ္တာ ၁၁ လုံး ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းအပြင် ယင်းသို့ ဆိပ်ကမ်းအတွင်း ပို့ကုန် သွင်းကုန် ဆောင်ရွက်မည့် ကုန်သေတ္တာများကို အကောက်ခွန် ဦးစီးဌာနသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် တောင်းခံပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဌာနသို့ခွင့်ပြုချက် တောင်းခံခြင်းမရှိခဲ့သည့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍လည်း စစ်ဆေးဖော် ထုတ်မှုများ ပြုလုပ်ပြီးပါက အရေးယူဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။ အလားတူ တရားမဝင် သစ်ခွဲသား များ သယ်ဆောင်လာသည့် ကုန်သေတ္တာများနှင့် ပတ်သက်၍လည်း သက်ဆိုင်သူများကို သစ်တော ဦးစီးဌာနက တရားလိုပြုကာ အလုံမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၂၄ ရက်က ဖမ်းဆီးရမိ ခဲ့သော ကုန်သေတ္တာ နှစ်လုံးတွင် တရားမဝင် ကျွန်းခွဲသားအချောင်းရေ ၅၆၅ ချောင်း (တန်ချိန် ၃၃ တန်ကျော်) ကို ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် ဖမ်းဆီးရမိခဲ့သော ကုန်သေတ္တာ ၁၁ လုံး အတွင်း ပိတောက် သစ်ခွဲသား ခန့်မှန်းတန်ချိန် ၁၄ဝ နီးပါးခန့် ရှိမည် ဖြစ်ကြောင်း သိရသည်။ January 28 at 6:35am • MOI Webportal Myanmar