ပိုမိုကောင်းမွန်သည့် ကုန်စည်စီးဆင်းမှုဆီသို့

04/05/2017
ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီ အစိုးရ အနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် ပြည်သူ့ဘဝ လိုအပ်ချက်များကို တစ်နေ့ထက်တစ်နေ့၊ တစ်စထက်တစ်စ တိုးမြှင့်ဆောင် ရွက်လျက်ရှိရာ ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူ့အကျိုးစီးပွားတိုးတက်မြင့်မားလာပြီး 'ရေမြင့်ကြာတင့်' ဆိုသကဲ့သို့ နိုင်ငံ၏ဂုဏ်ဒြပ်လည်း ပိုမိုဝင့်ထည်ခိုင်မာလာမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ပြည်သူ့ကိုယ်စား နိုင်ငံတော်၏ အရေးအရာကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်နေကြသည့် နိုင်ငံ၏ယန္တရားများဖြစ်သော ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်မြင့်မားရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိနိုင်ရန်အတွက် 'တက်ကြွအားသွန်နိုင်င့့ံဝန်၌' အခန်းကဏ္ဍတစ်ခုအဖြစ် စီစဉ်တင်ပြ လိုက်ပါသည်။ တွေ့ဆုံမေးမြန်း - အောင်နိုင်(သတင်းစဉ်) ဓာတ်ပုံ - အေးသန်း (သတင်းစဉ်) မြန်မာနိုင်ငံ၏ ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုများ ဖွွံ့ဖြိုးတိုးတက်မှုရှိသော်လည်း အခွန်အခများ လေလွင့်ဆုံးရှုံးနေခြင်း၊ အကျင့်ပျက်ခြစားမှုများကြောင့် ကုန်စည်စီးဆင်းရာတွင် နှောင့်နှေး ကြန့်ကြာခြင်း၊ ကုန်သည်များအတွက် အခက်အခဲများရှိနေခြင်းစသည့် ကိစ္စရပ်များအပေါ် အစိုးရသစ်အနေဖြင့် မူဝါဒအသစ်များ ချမှတ်ပြီး ပြုပြင်ပြောင်းလဲမှုများဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ယမန်နေ့က ကျင်းပသည့် 'တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးစီမံချက်နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေး'သည်လည်း မြင်သာထင်ရှားသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်- ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန) တရားမဝင် ကုန်စည်တင်သွင်းရောင်းဝယ်မှုက မြန်မာနိုင်ငံအတွက်အများကြီး နစ်နာမှုရှိတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ၊ သာမန်အနေအထားမှာ မြောက်မြား စွာ ဆုံးရှုံးနေတယ်။ တင်သွင်းတဲ့ ကုန်ပစ္စည်း တွေကလည်းပဲ ပြည်တွင်း မှာရှိတဲ့ စားသုံးသူ ပြည်သူလူထု တွေအားလုံး စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေပါတယ်။ သုံးစွဲဖို့ မသင့်တဲ့ ကုန်ပစ္စည်းတွေပါတယ်။ အရည်အသွေးမပြည့်တဲ့ ကုန်ပစ္စည်းတွေပါတယ်။ ဒီပစ္စည်းတွေကို ပြည် သူတွေက ရတဲ့နေရာက ဝယ်ယူပြီးတော့ မှီခိုသုံးစွဲနေ ရတဲ့အခါ သူတို့အတွက် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အစစ နစ်နာမှုတွေရှိတယ်။ နောက်တစ်ချက်က ဒီလိုကုန်စည်တွေ စီးဆင်းမှုနဲ့အတူ အရေးကြီးတဲ့ မူးယစ်ဆေးဝါးတွေ၊ လက်နက်လိုပစ္စည်းတွေလည်း ပါနေတာပဲ၊ ဒါကလည်း နိုင်ငံရဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်။ နိုင်ငံရဲ့ အနာဂတ်လူငယ်တွေအတွက် အရေးကြီးတယ်။ မြောက်မြားစွာ ပမာဏကြီးမားတဲ့ ကုန်စည်တွေ စီးဆင်းနေတဲ့အခါကျတော့ ပြည်တွင်းမှာ ရှိတဲ့ ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် သူတို့ရဲ့ စျေးကွက်၊ သူတို့ရဲ့ လုပ်ငန်းမှာ စီမံနိုင်စွမ်းအား မရှိတာက တစ်ပိုင်း၊ ကြီးမားတဲ့ ပမာဏတွေ၊ ထုထည်တွေကို ပြန်ပြီးတော့ မှီအောင်ထုတ်လုပ်ဖို့က သူတို့အတွက် အခက်အခဲ ရှိတယ်၊ စျေးကွက်တွေပျောက်နေ တယ်။ စျေးကွက်ပျောက် နေတဲ့အခါ သူတို့မှာ ထုတ်လုပ်မှုလုပ်ငန်းတွေ ကျဆင်းတယ်။ လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ဖြစ်တယ် ဆိုတာဟာ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုကို ကြီးမားတဲ့ အဟန့်အတားဖြစ်လာပါတယ်။ ဒါ့အပြင် တရားမဝင်ကားတွေ မြောက်မြားစွာ ဝင်နေပါတယ်။ ဒီလိုဖြစ်ပျက်တဲ့ ကိစ္စဟာ နိုင်ငံမှာ အခုမှ စဖြစ်တာမဟုတ်ဘူး။ လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက် ကတည်းက စပြီးတော့ ဖြစ်လာတဲ့ ဖြစ်စဉ်ကြီးမှာ ပြန်စဉ်း စားကြည့်ရင် နိုင်ငံတော်က ဘယ်လောက်အထိ ဆုံးရှုံးနစ်နာနေတယ်ဆိုတာ တစ်နိုင်ငံလုံးပြည်သူတွေ အားလုံးလည်း သိတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးလည်းသိတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ အားလုံးသိတယ်။ သိသိကြီးနဲ့ ဒီလိုပဲ လက်လျှော့နေမယ်ဆိုရင် တာဝန်မကျေရာရောက်မယ်။ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို နည်းလမ်း အမှန်ကိုရှာပြီး ကျော်လွှားမှသာ တာဝန်ရှိတဲ့သူတွေက တာဝန်ကျေ ရာ ရောက်မယ်။ ဒီခံယူချက်ကြောင့် တရားမဝင်ကုန်စည် တွေတားဆီး ထိန်းချုပ်ရေးကို ဆောင်ရွက်ဖို့ရာ သန္နိဋ္ဌာန် ချထားတာဖြစ်ပါတယ်။ နောက်တစ်ချက်က အခုဖွင့်ထားတဲ့စခန်းတွေက အရင်ဖွင့်ခဲ့တဲ့ စခန်းတွေကို ယာယီခဏပြန်ပြီးတော့ တည်ထားတဲ့သဘောဖြစ်ပါတယ်။ လုပ်ငန်းတွေ လုံးဝမလုပ် သေးပါဘူး။ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်း စပ်ပြီးတော့မှ ဒီဌာနတွေကို ဘယ်နေရာတွေမှာ အချက်အချာကျကျ ဖွင့်မယ်ဆိုတာဟာ တကယ့်စီမံချက်ကြီး ပြီးတဲ့အခါကျရင် အတည်ဖြစ်မှာပါ။ အခုဟာကတော့ ယာယီထားပြီးတော့ လေ့လာစုံစမ်းမှု လုပ်နေတဲ့အဆင့် ပဲဖြစ်ပါတယ်။ စစ်ဆေးမှုတော့ လုံးဝမလုပ်သေးပါဘူး။ စစ်ဆေးမှု လုပ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေပြီးတော့ ဝိုင်းပြီးပြော နေတဲ့ အချက်တွေရှိပါတယ်။ အဲဒီအချက်တွေ ကို ပြန်ပြီးတော့ ပေါင်းစပ်လုပ်လိုက်ရင် တစ်အချက်က ကုန်စည် စီးဆင်းမှုကို နှောင့်နှေးစေတယ်၊ ရပ်တန့်စေတယ်ဆိုတဲ့ အချက်၊ နှစ်အချက်ကတော့ ပုပ်သိုးပျက်စီးလွယ်တဲ့ပစ္စည်းတွေကို စစ်ဆေးမယ်ဆိုရင် တင်ပို့ရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေ ဆုံးရှုံးတယ်ဆိုတဲ့အချက်၊ ဒါအဓိကအချက်ပေါ့။ အဲဒီ အချက် နှစ်ချက်ကို ပြန်စဉ်းစားရင် အရင်တုန်းက စစ်ဆေးတဲ့ စစ်ဆေးနည်းလမ်းက ဂိတ်ပေါက်တစ်ခုတည်း ရှိတယ်။ ကားတစ်စီးဖြတ်သန်းသွားတယ်။ အခုဆိုရင် ဂိတ်ပေါက်ငါးခုလည်း ထားရင်ထားမယ်။ ဆယ်ခုလည်း ထားရင်ထားမယ်၊ တစ်ကြိမ်တည်းမှာ ကားဆယ်စီးဖြတ်သန်းသွားခွင့်ပြုမယ်။ သို့သော် အဲဒီကားဆယ်စီးလုံးကို စစ်ဆေးချင်မှ စစ်ဆေးမယ်။ ကျွန်တော်တို့ စီမံထားတဲ့ အစီအမံအရ သတင်းအချက်အလက်တွေ ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ နေရာတိုင်းမှာ လျှို့ဝှက်နည်းစနစ်နဲ့ထားမယ်။ သူတို့တွေက ပေးလာတဲ့ သတင်းအရ ခိုင်မာမှုတွေအပေါ်မှာ မူတည်ပြီးတော့ စစ်ဆေးသင့်တဲ့ကား ဆိုရင်တော့ မြေလှန် စစ်မှာပဲ၊ ပြတ်ပြတ်သားသားကို စစ်မှာ၊ စစ်ဆေးစရာမလိုတဲ့ ကားဆိုရင်လည်း စီးဆင်းမှုကို လုံးဝမထိခိုက်စေဘဲနဲ့ လွတ်လွတ်လပ်လပ်ပဲ စီးဆင်းခွင့်ပေးမယ်။ ထို့အတူ လုံးဝ လွတ်လပ်ခွင့်ပေးပြီးတော့ စီးဆင်းမှုပေးတဲ့ ကားတွေမှာလည်း မလိုလားအပ်တဲ့ ကုန်စည်တွေ ပါသွားနိုင်တာကြောင့် လိုအပ်ရင် လည်း ရှောင်တခင်စစ်ဆေးတဲ့ နည်းလမ်းကို လည်းသုံးပါမယ်။ လွှတ်လိုက်တဲ့ကားတွေမှာ တစ်စီး တလေပဲဖြစ်ဖြစ် လိုက်ပြီးတော့ ရှောင် တခင် စစ်တာတွေ လုပ်မယ်ဆိုရင် ကုန်စည်စီးဆင်းမှုဟာ လုံးဝရပ်တန့်စရာ မရှိပါဘူး။ အရင်တုန်းက လူနည်းနည်းနဲ့ စစ်ဆေးတာကို လူအယောက် တစ်ရာနဲ့ စစ်ဆေးရင် စစ်ဆေးမယ်။ အရင်တုန်းက ဂိတ်ပေါက်တစ်ပေါက် တည်းထားတာကိုလည်း ဂိတ်ပေါက် လေးငါးဆယ်ခု ထားသင့်ရင် ထားပြီးတော့ စစ်ဆေးသွားမှာဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုကို ဘာမှ အဟန့်အတားမဖြစ်စေပါဘူး။ နောက်တစ်ချက်က ပုပ်သိုးပျက်စီးနိုင်တဲ့ ပစ္စည်းတွေ ပြည်တွင်း ကနေ နိုင်ငံခြားကို ပို့တယ်။ ပြည်ပကနေ နိုင်ငံတွင်းကို ဝင်တယ်။ နိုင်ငံတွင်း ကနေ ပြည်ပပို့တာက ပိုများတယ်။ ရေထွက်ကုန်ပစ္စည်းတွေ၊ သစ်သီး ဝလံတွေ၊ ဒါတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့ လုံးဝမစစ်ဘူး၊ ဘယ်မှာ စစ်မလဲဆိုရင် သူတို့စပြီး ကုန်တင်တဲ့နေရာမှာ အတတ်နိုင်ဆုံး စစ်မယ်။ ပြီးရင် ကုန်ချတဲ့နေရာမှာ တတ်နိုင်သလောက်စစ်မယ်။ စီးဆင်းတဲ့ ဂိတ်တွေမှာတော့ မစစ်ဘူး။ ဒါက ကျွန်တော်တို့ရဲ့ မူလလျာထားချက်ပဲ။ အဲဒီတော့ ကုန်ချတဲ့အခါမှာ စစ်မယ်၊ ကုန်တင်တဲ့အခါ လည်းစစ်မယ်။ ဒီနှစ်ချက်ကို ကျွန်တော်တို့ ဖိဖိစီးစီးလုပ် မယ်ဆိုရင် ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့၊ ကျွန်မတို့ရဲ့ ပစ္စည်းတွေ၊ ပျက်စီးဆုံးရှုံး လာပါတယ်လို့ ပြောနေတဲ့ကိစ္စဟာ လုံးဝပြောစရာအကြောင်းမရှိတော့ဘူး။ တစ်နည်းအားဖြင့့် ဒီလိုစစ်ဆေးတဲ့အခါမှာလည်း စစ်ဆေး ခံရတဲ့သူနဲ့ စစ်ဆေးတဲ့ပုဂ္ဂိုလ် CCTV မြင်ကွင်းအောက်မှာပဲ စစ်ဆေးမယ်။ CCTV ကင်မရာတွေ တပ်ထားမယ်။ အဲဒီမှာ မီဒီယာတွေ၊ သတင်းသမားတွေ ကိုလည်း သူတို့ စိတ်တိုင်းကျ နေရာယူခွင့်ပေးမယ်။ စစ်ဆေးတဲ့ စစ်ဆေးချက်တွေအားလုံးအတွက် မှတ်တမ်းတင်ထားမယ်။ စစ်ဆေးပြီးတဲ့ကားတွေကို ကား နံပါတ်နဲ့ ဘယ်ကား၊ ဘယ်အချိန်က စစ်ဆေးပြီးသွားတယ် ဆိုတာလည်း နေ့စဉ် သတင်းဝက်ဘ်ဆိုက်မှာတင်မယ်။ ဖမ်းဆီးရမိတဲ့ ကားတွေဆိုရင်လည်း ပြည်သူ တွေအားလုံး သိအောင် ဖမ်းဆီးရမိတာ အားလုံးလွှင့်မယ်။ လာဘ်ပေး လာဘ်ယူတွေ ကြီးထွား လာမှာပေါ့ဆိုတဲ့ ကိစ္စကအကြီးမား ဆုံးကိစ္စဖြစ်ပါတယ်။ လာဘ်ပေး လာဘ်ယူတွေ မဖြစ်အောင် ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနအသီးသီးက ဝန်ထမ်းအားလုံးကို ဖမ်းဆီးရမိတဲ့ ပစ္စည်းရဲ့ ၅ဝ ရာခိုင်နှုန်းကို သူတို့ကို ဆုချီးမြှင့်ပေးမှာပါ။ ဒီလိုပေးတယ်ဆိုရင် ဖမ်းဆီးရမိတဲ့ ငွေပမာဏဟာ အားလုံးစဉ်းစားရင်သိပါတယ်။ တန်ဖိုးမှာ ဘီလီယံနဲ့ချီရှိနေပါတယ်။ အဲဒီတာ့ ဒီလောက်ရှိတဲ့ ပမာဏအတိုင်းသာ ၅ဝ ရာခိုင်နှုန်းရမယ်။ သက်ဆိုင်ရာ ဌာနအသီးသီးကနေ အဖွဲ့အစည်းအားလုံးက နေပြီးတော့ အခုလိုဆုချီးမြှင့် တာကို ခံစားရမယ်ဆိုရင် ဘယ်သူမှ လာဘ်စားမှာမဟုတ်ဘူး။ ဘယ်ကုန် သည်ကမှ လည်း ၅ဝ ရာခိုင်နှုန်းအထိ လာဘ်ပေးနိုင်တဲ့အခြေအနေ ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ ဒီဘက်က စဉ်းစားထားတာ ကတော့ လာဘ်ပေးလာဘ်ယူကင်းရှင်းရေးနဲ့ ပတ်သက်ရင် သတင်းမီဒီယာတွေ အပြည့်အဝ လွတ်လပ်ခွင့်ပေးပြီးတော့ စစ်ဆေးဖို့အတွက် သတင်းရေးဖို့ အတွက် ပေးထားမယ်။ CCTV ကင်မရာတွေထားမယ်။ နောက်တစ်ခါ သူတို့ကို ဖမ်းဆီးရမိတဲ့ ကားတွေကနေ တန်ဖိုး ၅ဝ ရာခိုင်နှုန်းကို ဆုချီးမြှင့််ဖို့အတွက် ပေးမယ်ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စက အလိုလိုနေရင်း တစ်စတစ်စနဲ့ ပပျောက်သွားမှာ ဖြစ်ပါတယ်။ သူတို့တင်ပြတဲ့ ဆွေးနွေးချက် သုံးချက်ကို ကျွန်တော်တို့က စီမံခန့်ခွဲရေး နည်းလမ်းနဲ့ ကျော်လွှားသွားမှာ ဖြစ်ပါ တယ်။ စစ်ဆေးတဲ့အခါမှာလည်း X-Ray စက်တွေလည်း ထည့်မယ်။ Portable Mobile X-Ray တွေလည်း သုံးမယ်။ အခြားအခြားသော ခေတ်မီပစ္စည်းတွေလည်း တတ်နိုင်သမျှ သုံးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ အခု လက်ရှိ တင်ပြတောင်း ဆိုနေတဲ့ အချက်သုံးချက်ဟာ ကျွန်တော်တို့အနေနဲ့ သေသေချာချာ စနစ်တကျနဲ့ စီမံ ခန့်ခွဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်နဲ့ ပတ်သက်ရင် ပူစရာမရှိပါဘူးလို့ ပြောချင်ပါတယ်။ အလုပ်စဖို့ကတော့ ဖေဖော်ဝါရီတစ်လကတော့ ပြင်ဆင်ရေးအနေနဲ့ ထားပါဦးမယ်။ ဖေဖော်ဝါရီလ တစ်လပြီးတာနဲ့ တစ်ပြိုင်နက် အချိန်ပြည့်၊ ရာနှုန်းပြည့် စစ်ဆေးရေးလုပ်ငန်းကို လုပ်မှာပါ။ တစ်ခုပြောစရာရှိတာက ဘာလဲဆိုတော့ လိုင်စင်မဲ့ကားတွေပါ။ လိုင်စင်မဲ့ကားတွေရဲ့ စိုးရိမ်မှုကလည်း အများကြီးပမာဏများပါတယ်။ အဲဒီ လိုင်စင်မဲ့ကားတွေရဲ့ လုပ်ငန်းကို ဒီစီးဆင်းမှုနဲ့ ပေါင်းလုပ် လိုက်မယ်ဆိုရင်လည်း လုပ်ငန်း ပမာဏ ကြီးမားတဲ့အတွက်ကြောင့် လိုင်စင်မဲ့ကားတွေကို တားဆီးရေးနဲ့ ပတ်သက်ရင်တော့ သီးသန့်စီမံချက်တစ်ခုနဲ့ သွားမှာဖြစ်ပါတယ်။ ထပ်ပြောချင်တာကတော့ အခုဒါနဲ့ပတ်သက်ရင် သတင်းတွေလည်း ရေးကြ ပါတယ်။ ပိတ်ဆို့လို့လည်း ပြောကြပါတယ်။ ဌာနဆိုင်ရာတွေ လာဘ်စား မှာပေါ့ စသည်ဖြင့် ပြောကြတာရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ အနေနဲ့က ဒီကနေ့ နိုင်ငံတော်ရဲ့ ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်း၊ အစိုးရဝန်ထမ်းဆိုတဲ့ စကားလုံးအပြင် ပြည်သူ့ ဝန်ထမ်းဖြစ်အောင်လို့ ကျွန်တော်တို့ ပြောင်းလဲပေး ပါမယ်။ အစိုးရဝန်ထမ်းဆိုတာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ တာဝန်ရှိတဲ့ သူတွေအဖြစ်နဲ့ တာဝန်ထမ်းဆောင်တာကို အစိုးရဝန်ထမ်း လို့ ပြောလို့ရပါတယ်။ ဝန်ကြီးဌာနအားလုံး ပေါင်းလိုက် တဲ့အခါ နိုင်ငံတော် အစိုးရဖြစ်တဲ့ အခါကျတော့ နိုင်ငံတော်အစိုးရရဲ့ ဝန်ထမ်းလို့လည်း ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုလက်ရှိ ဝန်ထမ်းတွေကို သူတို့ရဲ့ Mind-set တွေ၊ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ၊ သူတို့ရဲ့ ဘဝအနေအထားတွေကို အားလုံးပေါင်းပြီးတော့မှ ပြုပြင်ပြောင်းလဲပြီးတော့ တကယ့်ပြည်သူ့ ဝန်ထမ်းကောင်း ဖြစ်အောင် ပြောင်းလဲမှာဖြစ်ပါတယ်။ အဲဒီတော့ အရင်တုန်းက ရှိခဲ့တဲ့ အပြောအဆိုတွေ၊ အခြေအနေတွေကြောင့်တော့ လက်ရှိဒီက ပြည်သူ့ ဝန်ထမ်းတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေကတော့ ဒီအပြော အဆိုဒဏ်ကို ခံနေကြရဦးမှာပါပဲ။ ချက်ချင်းတော့ ကျွန်တော်တို့အပိုင်းက လည်း ဒီဝန်ထမ်းတွေရဲ့ဘဝ၊ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်၊ ခံယူချက်၊ မျှော်လင့်ချက်တွေကို ချက်ချင်း မပြောင်းနိုင် သေးဘူး။ တစ်စစနဲ့တော့ အင်နဲ့အားနဲ့ပြောင်းမှာပါ။ အဲဒီ အခါကျရင် ကာလအတိုင်းအတာတစ်ခု၊ သိပ်ရှည်ကြာတဲ့ ကာလတော့ ဖြစ်မယ် မထင်ပါဘူး။ ကာလတိုအတွင်း ဒီလိုအတိုင်းအတာ အတွင်းမှာတော့ ဝန်ထမ်းတွေဟာ ပြည်သူ့ ဝန်ထမ်းကောင်းတွေ ဖြစ် လာမယ်လို့ ယုံကြည် ပါတယ်။ ပြည်သူ့ဝန်ထမ်းကောင်းဖြစ်လာအောင်လို့ ဘက်ပေါင်းစုံကနေ ပြန်လည်ပြီးတော့ တည့်မတ်ထိန်း ကျောင်းပြီး ဦးတည်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံ/စီးပွားဝန်ကြီး) အစည်းအဝေးမှာ အဓိကဆွေးနွေးတာကတော့ ရေပူဂိတ်နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးတာဖြစ်ပါတယ်။ ရေပူဂိတ်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုရော ပြည်ထောင်စုအစိုးရအဖွဲ့ကိုရော အကြံပြုစာတို့၊ တိုင်ကြားစာတို့ အများကြီးပို့ပါတယ်။ ဘယ်သူတွေပို့လဲဆိုတော့ ကုန်သည်ကြီးများအသင်းနဲ့ ကုန်စည်ဒိုင်တို့က ပို့ပါတယ်။ သူတို့စိုးရိမ်တဲ့အချက်ကတော့ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့၊ ပုပ်သိုးနိုင်တဲ့ ပစ္စည်းတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းရယ်၊ နောက်တစ်ခုက အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုပိုမိုမြင့်တက်လာမှုဆိုတဲ့အကြောင်းတွေ ဒီအချက်(၃)ချက်ကို အဓိကထား အကြံပြုဆွေးနွေးပြီး တိုင်ကြားတဲ့ သဘောဖြစ်ပြီး ပြုပြင်ပြောင်းလဲပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပို့တာပါ။ ကျွန်တော့်ဆီကိုလည်း စာတွေရောက်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးလည်း ကြိုသိပြီးသား ဖြစ်ပါတယ်။ အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်တဲ့ အရာကို ကျွန်တော်တို့အနေနဲ့ မဖြစ်အောင်ကြိုးစားပေးမယ်။ (၁)အချက်အနေနဲ့ နည်းပညာတွေ သုံးပါမယ်။ တချို့ကားတွေကို ကျွန်တော်တို့ စစ်ချင်မှ စစ်မှာပေါ့။ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ရတဲ့ အကြောင်းက ဒီနှစ်မှာ ကုန်စည်ကားခက သုံးဆလောက်ရတဲ့ ပြဿနာဖြစ်ပါ တယ်။ ပို့ကုန်ပဲပိ့ုပြီး အပြန်ကို အလွတ်ပြန်ဆင်းတယ်။ ကားတွေ က တစ်စီးကနေနှစ်စီး၊ နှစ်စီးကနေ သုံးစီးတက်သွားတာပေါ့။ ကားသမားတွေရဲ့ စည်းကမ်းမဲ့မှုပါတယ်။ နယ်မြေလုံခြုံရေးအရ ယာဉ်ထိန်းအင်အား နည်းတာ လည်း ပါတာပေါ့။အဲဒီ လိုမျိုးမဖြစ်အောင် ကျွန်တော်တို့က စီမံမယ်၊ ကြီးကြပ်မယ်။ (၂)အချက်ကတော့ ကျွန်တော်တို့ နည်းပညာသုံးမယ်။ ကျွန်တော်တို့ စစ်သင့်တဲ့ ကားတွေပဲစစ်မယ်။ ပုပ်သိုး နိုင်တဲ့ပစ္စည်းတွေကိုတော့ စစ်ချင်မှစစ်မယ်။ ဝန်ကြီးပြောသွားတဲ့အတိုင်း(Portable X-ray) စက်တွေနဲ့ ဆောင်ရွက်သွားမှာပါ။ ကုန်စည်စီးဆင်းတဲ့အပေါက်တွေက လည်းများနေတော့ ကျွန်တော်တို့က စိစစ်ရခက်တယ်။ နယ်မြေလုံခြုံမှု ကလည်း တစ်ပိုင်းဖြစ်တာပေါ့။ ဒါတွေကြောင့် တိုင်းပြည်လည်း နစ်နာတယ်။ စားသောက်ကုန်နဲ့ ပတ်သက်ရင် FDA နဲ့ မညီ တာတွေရှိတယ်။ စိုက်ပျိုးရေးဆေး၊ ပိုးသတ်ဆေးအတုတွေ အဲဒီဟာတွေထိန်းချုပ်ဖို့ရာ ကျွန်တော်တို့ ဒီတိုင်းထား မလား၊ စနစ်တကျလုပ်မလား ကျွန်တော်တို့ စဉ်းစားရမယ်။ အရင်တုန်းကလည်း လုပ်ခဲ့တာပဲ။ စနစ်တကျ မလုပ်ခဲ့တာတွေကြောင့် ဒီအနေအထားတွေကို မထိန်းချုပ်နိုင်ခဲ့တာ။ ကျွန်တော်တို့အစိုးရသစ်အနေနဲ့ ရအောင်ထိန်းချုပ်မယ်။ ကျွန်တော်တို့ နည်းပညာအသစ်တွေ သုံးမယ်။ ဝန်ကြီး ပြောတဲ့အတိုင်းဖြစ်အောင် ကျွန်တော်တို့ ထိန်းချုပ်သွားမယ်။ ကျွန်တော်တို့ အဆင်ပြေအောင်ဖြေရှင်းသွားမယ်။ အကျင့်ပျက်ခြစားမှုဆိုတာကလည်း မူဝါဒသတ်မှတ်မှု၊ အရေးယူမှုအပေါ်မှာမူတည်တာပါ။ လာဘ်မစားအောင် လုပ်ပေးထားတာတောင် လာဘ်စားတယ်ဆိုရင်တော့ ပြင်းထန်စွာ အရေးယူရမှာပေါ့။ အကျင့်ပျက်ခြစားမှုကိုလည်း ထိထိရောက်ရောက်အရေးယူသွားမှာပါ။ ရှမ်းအရှေ့မှာဆိုရင် ရှမ်းပြည်နယ်အစိုးရနဲ့ကျွန်တော်ရယ်၊ လက်ထောက်ညွှန်ကြားရေးမှူးတွေရယ် အဖွဲ့စုံစနစ်တကျ ကြီးကြပ်လိုက်တဲ့အခါကျတော့ ဒီတစ်နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာဆိုရင် ခါတိုင်းနှစ်တွေထက်စာရင် ကုန်သွယ်မှုဝင်ငွေဟာ ၂ ဒသမ ၁၇ သန်း၊ ဒီဇင်ဘာလမှာ ဆိုရင် ၂ ဒသမ ၆၅၄ သန်း၊ ဒါဟာ ကျွန်တော်တို့ ရှမ်းမြောက်နဲ့ အပေါက်ချင်းမတူဘူး။ ဒီဘက်က ကုန်သွယ်မှု အမြင့်ဆုံး၊ နယ်စပ်ကုန်သွယ်ရေး ၇၅ ရာခိုင် နှုန်းရှိတယ်။ မူဆယ်အပေါက်က ကျိုင်းတုံက မိုင်းလား လမ်း အဲဒီလမ်းမှာ အောက်တိုဘာ ၂၃ ရက်က စစ်ရေးတင်းမာမှုကို အကြောင်းပြုပြီးပိတ်လိုက်တယ်။ အဲဒီလို ပိတ်လိုက်တဲ့အခါမှာ အဲဒီလမ်းကမသွားဘဲ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလား ဆိုပြီးတော့ အထူးဒေသ (၂/၄) ထဲဝင်သွားတာပေါ့။ အဲဒီကိုဝင်တော့ ကုန်ရောင်း ကုန်သွယ်မှုတွေအခွန်မရတဲ့အပြင် ကျွန်တော်တို့စာရင်း ဇယားပြန်စစ်ဆေးဖို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြထားပါတယ်။ နောက် တာချီလိတ်ခရိုင်ထဲက မိုင်းယုလမ်း မိုင်းယုတံတားရှိတယ်။ အဲဒီ မိုင်းယုတံတားကို စစ်ရေးအရ တံတားပေါ်မဖြတ်ရဘူးဆိုပေမယ့် တံတားရဲ့အောက်မှာ ဖောင်ဆိပ်တွေရှိနေတယ်။ ကူးတို့ဆိပ်တွေရှိနေတော့ အဲဒါနဲ့ပဲတစ်ဖက်ကိုကူးတယ်။ ကားတွေကအစ တင်သွင်းတယ်။ ဆန်စပါး၊ ငှက်ပျောကား အဲဒါတွေကို ကျွန်တော်တို့ စနစ်တကျ စစ်ဆေးသွားပါမယ်။ ဦးဝဏ္ဏကျော် (မွန်ပြည်နယ်အစိုးရ စီမံဘဏ္ဍာနှင့် လဝကဝန်ကြီး) အဓိကကတော့ ကျွန်တော်တို့ မွန်ပြည်နယ်မှာ မရမ်းချောင်စစ်ဆေးရေးဂိတ် ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ပြည်ထောင်စုကနေ ဆောင်ရွက်တဲ့ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆိုတဲ့ စီမံချက်ကို အောင်မြင်အောင် မွန်ပြည်နယ်အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်သွားတဲ့ နေရာမှာ မရမ်းချောင်ဂိတ်ဆိုတာကတော့ ကားလမ်းတစ်ခုတည်း စစ်ဆေးတာပါ။ ကျွန်တော်တို့ မွန်ပြည်နယ်ရဲ့အနေအထား ကတော့ ရေလမ်းရော၊ ရထားလမ်းရော ထပ်မံပြီးတော့ ထိန်းချုပ်ဖို့ လိုအပ်တာပါ။ အဲဒီအပိုင်းကိုလည်း ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါတယ်။ အဓိကတော့ ကျွန်တော်တို့က နယ်စပ်ထွက်ပေါက် ရှိနေတာပါ။ အဲဒီကနေပြီးတော့ ဝင်လာတဲ့ ကုန်ပစ္စည်းတွေက ကျွန်တော်တို့အတွက် အခွန်ဘဏ္ဍာတွေ ဆုံးရှုံးတယ်။ မူးယစ်ဆေးဝါးတွေ ပြည်တွင်းကို ရောက်တယ်။ နောက် ပြည်တွင်းလုပ်ငန်းရှင်တွေ ထိခိုက်မှုရှိတယ်။ ဒီအပေါ်တွေမှာ ထိန်းချုပ်နိုင်အောင်၊ အကျိုး သက်ရောက်မှုရှိအောင် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြေပြင်အနေအထားကတော့ မရမ်းချောင်ဂိတ်ပြီးရင် စစ်တောင်းတံတားမုပလ္လင်ရှိပါတယ်။ သိမ်ဇရပ် စစ်တောင်းတံတားဆိုတာရှိပါတယ်။ ဒီလိုအစဉ် လိုက်ရှိပါတယ်။ သိမ်ဇရပ်ဘူတာကတော့ စစ်တောင်းတံတား မုပလ္လင်နဲ့ သိမ်ဇရပ် စစ်တောင်းတံတားကြားမှာ ရှိပါတယ်။ ဒီအတွက်ကြောင့် သိမ်ဇရပ်ဘူတာမှာ ပူးပေါင်းအင်အားနဲ့ စစ်ဆေးမယ်ဆိုရင် ရထားလမ်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ထိန်းချုပ်နိုင်စွမ်းရှိပါလိမ့်မယ်။ မွန်ပြည်နယ်အတွင်းမှာ အများဆုံးတင်သွင်းတဲ့ ပစ္စည်းက အားလုံးသိကြတဲ့အတိုင်း ထိုင်းနိုင်ငံကနေလာတဲ့ လူသုံးကုန်ပစ္စည်း အကုန်ဝင်ရောက်ပါတယ်။ ဦးကျော်ထင် (ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန) ဒါ ကျွန်တော်တို့ အကောက်ခွန်ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ကြီးတို့အနေနဲ့ နိုင်ငံတော် အစိုးရရဲ့ လမ်းညွှန်မှုနဲ့ စီမံချက်တွေရေးဆွဲပြီးမှ တင်ပြတာဖြစ်ပါတယ်။ တင်ပြတဲ့အပေါ်မှာလည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့လည်း လွှတ်တော်မှာ တင်ပြပြီးတော့ တရားမဝင်ကုန်စည်တွေကို ဘယ်လို တားဆီးမလဲဆိုတဲ့ အစီအမံတွေနဲ့ ပတ်သက်လို့လည်း မေးခွန်းတွေမေးထားတာတွေလည်းရှိပါတယ်။ ဒါကိုလည်း ပြည်ထောင်စုဝန်ကြီးရော ဒုတိယဝန်ကြီးပါ ဖြေဆိုထား တာရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒါကို ထိထိရောက်ရောက် တားဆီးသွားဖို့ သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့ ရေပူနဲ့ မရမ်းချောင်စခန်းတွေကို ဖွင့်လှစ်သွားဖို့အတွက် စတင်ပြင်ဆင်မှုတွေဆောင် ရွက်နေပါတယ်။ အားလုံးကို စစ်ဆေးမှုတွေ မလုပ်သေးပါဘူး။ သို့သော်လည်း ကျွန်တော်တို့လက်ရှိမှာ ပြည်သူလူထုတွေကလည်း သတင်းပေးလာတာရှိရင် သတင်းအရ တားဆီးဖမ်းဆီးထားတာတွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း သတင်းထုတ်ပြန်သွားဖို့ စီစဉ်ဆောင် ရွက်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ရှိမှာတော့ ပြည်သူလူထုဆီက တင်ပြလာတဲ့ အချက်တွေကိုလည်း ပြန်လည်သုံးသပ်ပြီးတော့မှ မှားယွင်းပိတ်ဆို့မှုတွေမဖြစ်အောင်၊ ပြီးတော့ သာမန်ခရီးသွား ဘုရားဖူးပြည်သူလူထု တွေလည်း အနှောင့်အယှက်မဖြစ်အောင် ကျွန်တော်တို့ သေသေချာချာစီမံချက်ချ ဆောင်ရွက်သွားမှာဖြစ်သလို အဂတိလိုက်စားမှုမရှိအောင် မီဒီယာတွေရဲ့ အထိန်းအကွပ်ရယ်၊ CCTV တပ်ဆင်ထားတာတွေလည်း ရှိပါမယ်။ နောက်ပြီး မှားယွင်းမှုရှိရင်၊ မသမာမှုတွေရှိရင် တိုင်ကြားနိုင်အောင် ဖုန်းနံပါတ်တွေကအစ ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အပိုင်းမှာတော့ ဌာနဆိုင်ရာတွေ၊ ပြည်သူလူထုရော အကုန်လုံးဝိုင်းဝန်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကုန်စည် ဝင်/ထွက်မှုအားလုံး မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ဆိုရင် ဌာနဆိုင်ရာ တစ်ခုနဲ့မရသလို ကုန်သည်ကြီးများကပါ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ကုန်သည်ကြီးများအနေနဲ့လည်း တရားမဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို လက်မခံဖို့လိုသလို မိမိကိုယ်တိုင်အနေနဲ့လည်း မှန်မှန်ကန်ကန် ဆောင်ရွက်ပြီးတော့မှ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ကုန်စည်ဝင်/ထွက်မှု စာရင်းဇယားတွေကအစ မှန်ကန်ပြီးတော့ နိုင်ငံတော်ရဲ့ အခွန်တွေလည်း ပိုမိုရလာမှာဖြစ်ပါတယ်။ စာရင်းဇယား မှန်ကန်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ နိုင်ငံတော်ရဲ့ စီမံကိန်းတွေမှာ မှန်ကန်တဲ့တွက်ချက်မှု၊ မှန်ကန်တဲ့စီမံ ကိန်းတွေ ဖြစ်လာပြီးမှ ဆက်လက်ပြီး အောင်အောင်မြင်မြင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် တရားမဝင်ကုန်စည်တွေကို လမ်းကနေ တားဆီးတာ၊ ဖမ်းဆီးတာ ဆောင်ရွက်သလို တရားမဝင်တဲ့ ကုန်စည်တွေ ရောင်းဝယ်နေတဲ့အပိုင်းတွေကိုလည်း ပညာပေးမှုအပိုင်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ပြည့်ပြည့်ဝဝရဖို့ရယ်၊ မှန်ကန်တဲ့ ပစ္စည်းတွေဝင်လာဖို့ရယ်၊ ပြည်သူလူထုအနေနဲ့လည်း အရည်အသွေးရှိတဲ့ မှန်ကန်တဲ့ပစ္စည်းတွေအသုံးချနိုင်ဖို့၊ အသုံးပြုနိုင်ဖို့၊ ကျွန်တော်တို့ အကောက်ခွန်တစ်ခုတည်း ဆောင်ရွက်လို့မရသလို ပြည်သူလူထုအားလုံး၊ တွေ့တဲ့၊ မြင်တဲ့လူတွေအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီးတော့မှ သတင်းပေးခြင်းဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံတော်အနေနဲ့ တရားမဝင် ဝင်ရောက်တဲ့ကုန်စည်တွေ၊ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေဝင်ရောက်နေတာကို အမြန်ဆုံး ထိထိရောက်ရောက်တားဆီးလာနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်၏ ကဏ္ဍအရပ်ရပ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားတိုင်းအနေဖြင့် မိမိတို့ တတ်စွမ်းသည့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကို အုတ်မြစ်ခိုင်မာစွာ တည်ဆောက်ကြနိုင်ပါစေကြောင်း ။ ။ January 27 at 7:55am • MOI Webportal Myanmar