ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အကောက်ခွန်ဦးစီးဌာန လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

News

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာန (သင်တန်းကျောင်း)ခန်းမ၌ ဖွင့်လှစ် သည့် မြို့နယ်မှူးမွမ်းမံသင်တန်း၊ ရုံးလုပ်ငန်းသုံးကွန်ပျူတာ မွမ်းမံသင်တန်းနှင့် ကုန်ပစ္စည်း အမျိုးအစားခွဲခြားမှုဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ အနော်ရထာလမ်းနှင့် (၄၇) လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၏ အဆောက်အဦအကြီးစား ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် အဆောက်အဦ ပြင်ဆင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။

(သတင်းစဉ်)